Sunday, 23 September 2012

သစ်ရွက်နှစ်လေး ရဲ့ အချစ်


သစ်ပင်နှစ်ပင်ရဲ့ သစ်ကိုင်းတစ်ခုစီမှာ သစ်ရွက်လေး နှစ်ရွက်ရှိတယ်။ အဲဒီသစ်ရွက်နှစ်ရွက်ဟာ လားရာကိုယ်စီနဲ့ တွေ့ဆုံဖို့ဆိုတာကို သူတို့အိပ်မက်တောင် မမက်ဖူးခဲ့ကြဘူး။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက်တိုက်လိုက်တဲ့ လေပြင်းတစ်ချက်ကြောင့် သစ်ကိုင်းနှစ်ကိုင်း ညှိပြီး လေဟာနယ်မှာ သစ်ရွက်လေး နှစ်ရွက် ဆုံခဲ့ကြတယ်။ ဆုံပြီး အချင်းချင်း ချစ်မိသွားကြတယ်။ တစ်ဦးကိုတစ်ဦး မခွဲနိုင် မခွာရက် ချစ်မိသွားကြတယ်။ ဒီိလို သစ်ကိုင်းလေးနှစ်ကိုင်း ညှိပြီး အတူနေရတဲ့ဘ၀နဲ့ သူတို့တစ်သက်လုံးနေသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့မှာ ပြောမကုန်တဲ့ စကားတွေရှိတယ်။
အိပ်မက်ချိုချိုလေးတွေ ရှိတယ်။
လှပတဲ့ အနာဂတ်ရှိတယ်။
လေထဲမှာ သူတို့အတူ ယိုင်နွဲ့ပြီး ပျော်ရွှင်ကြတယ်။
မိုးထဲမှာ သူတို့အတူ ဆော့ကစားပြီး ပျော်ပါးကြတယ်။
နေရောင်ထဲမှာ သူတို့အချင်းချင်း မှီခိုပြီး ငိုက်မြည်းကြတယ်။
အတူနေရတဲ့ အချိန်ကို သူတို့ တန်ဖိုးထားကြတယ်။
အတူနေတဲ့ရက်တွေ ထပ်နေသလို၊ ပျော်ရွှင်စရာတွေကလည်း တကျော့ပြီး တကျော့၊ တစ်နေ့ပြီး တစ်နေ့။ ရှေ့ဆက်ဘာဖြစ်ဦးမလဲ ကြိုတွေးပြီး သူတို့ ရင်မလေးခဲ့ကြဘူး။ နေ့တစ်နေ့ကို ပျော်ရွှင်မှုအတိနဲ့ ကုန်ဆုံးဖို့ပဲ သူတို့ကြိုးစားခဲ့ကြတယ်။

ဒီလိုနဲ့ ဆောင်းဦးပေါက်ခဲ့တယ်။ သစ်ရွက်လေးနှစ်ရွက်အနက် တစ်ရွက်က တဖြေးဖြေး နွမ်းလျလာတယ်။ တစ်နေ့ထက်တစ်နေ့ ညှိုးနွမ်းလာခဲ့တယ်။ ကြွေရတော့မယ်ဆိုတာ သူ့ကိုယ်သူ သိပေမယ့် အခြားတစ်ရွက် မရိပ်မိအောင် သူဟန်ဆောင်နေခဲ့တယ်။ အိပ်ပျော်နေချိန်မှာ အသိမပေးဘဲ တိတ်တဆိတ်လေး ကြွေဖို့ သူစဉ်းစားခဲ့မိတယ်။

ဒါပေမယ့် တစ်နေ့မှာ သူ့လျှို့ဝှက်ချက်ကို ကျန်သစ်ရွက်လေး သိသွားခဲ့တယ်။
“နင်ကြွေမယ့်အချိန်ရောက်ရင် ငါလည်း ငါ့ရိုးတံကို ကိုက်ဖြတ်ပြီး နင်နဲ့အတူ လိုက်ကြွေမယ်”
“မဟုတ်တာ.. အကောင်းဆုံး အသက်ရှင်ကျန်ရစ်ခဲ့ပါ”

သစ်ရွက်တစ်ရွက်ရဲ့ အသက်ရှင်ခွင့်က တစ်ရက်ပြီးတစ်ရက် တိုတောင်းလာခဲ့တယ်။ ကျန်သစ်ရွက်တစ်ရွက်က သူ့အနားမှာပဲ တိတ်တဆိတ် စောင့်နေခဲ့တယ်။ သူ့ရဲ့နောက်ဆုံးအချိန်၊ နောက်ဆုံးထွက်ခွာသွားမဲ့ အချိန်လေးမှာ အနားမှာပဲ သူရှိနေချင်ခဲ့တယ်။ ဆောင်းဦးရဲ့ မွန်းလွှဲနေက သစ်ရွက်လေးတစ်ရက်ကို နီရဲသွားအောင် အရောင်ဆိုးလိုက်တယ်။ သစ်ရွက်လေးနှစ်ရွက် အချင်းချင်း ရင်ခွင်မှာ ခိုလှုံပြီး နှုတ်ဆိတ်နေကြတယ်။

လေလာပြီ... သစ်ရွက်လေးတစ်ရွက် ကြွေကျမသွားခင် ကျန်သစ်ရွက်က ကိုယ့်ရိုးတံကို ကိုက်ဖြတ်လိုက်တယ်။ လေတစ်ချက်အဝှေ့မှာ သစ်ရွက်လေးနှစ်ရွက် တစ်ရွက်ပေါ်တစ်ရွက်ထပ်လို့ လေသယ်ဆောင်ရာနောက်ကို အလိုက်သင့် မျှောပါသွားခဲ့ကြတယ်။

တကယ်တော့ သူတို့ရဲ့ ဇာတ်လမ်းက ၀မ်းနည်းကြေကွဲစရာ မကောင်းပါဘူး။ အကြောင်းက သူတို့အတူ ကြွေကျခဲ့တဲ့  အချိန်အထိ သူတို့ပျော်ရွှင်ခဲ့လို့ပဲဖြစ်တယ်။

“ကြွေအတူ ဝေအတူ” သူတို့ဘ၀ဟာ ပြည့်စုံခဲ့လို့၊ လှပခဲ့လို့ဖြစ်တယ်။
ဒါကိုမှ တကယ့်အချစ်စစ်လို့ ခေါ်လေမလား?
ဒါကိုမှ တကယ့်ပျော်ရွှင်ခြင်းလို့ ခေါ်လေမလား?   
 

No comments:

Post a Comment